International News

ဖိလစ်ပိုင်နိုင်ငံမှ ဂဏန်းအသား တင်သွင်းမှုကို ပိတ်ပင်လိုက်သည့် အမေရိကန်နိုင်ငံ

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ ဂဏန်းအသားတင်သွင်းမှုအပေါ် အမေရိကန်၏ တင်သွင်းမှုပိတ်ပင်ချက်သည် ဇွန်လ ၁၁ ရက်နေ့တွင် စတင်သက်ရောက်လာပြီဖြစ်ကြောင်းနှင့် ရေကူးဂဏန်းပြာ (Blue Swimming Crab) လုပ်ငန်းကဏ္ဍအနေဖြင့် တစ်နှစ်လျှင် ဖိလစ်ပိုင်ပီဆို ၆ ဘီလီယံမှ ၇ ဘီလီယံအထိရှိနိုင်မည့် ကြီးမားသော စီးပွားရေးအရ ဆုံးရှုံးမှုများနှင့် အလုပ်အကိုင် ဆုံးရှုံးမှုများအတွက် ကြိုတင်ပြင်ဆင်နေရကြောင်း လုပ်ငန်းကဏ္ဍအတွင်းရှိ သက်ဆိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါသည်။

အမေရိကန်၏ ပင်လယ်ရေနေ နို့တိုက်သတ္တဝါများ ကာကွယ်ရေးအက်ဥပဒေ (MMPA) ကို ဖိလစ်ပိုင်နိုင်ငံက လိုက်နာရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ၎င်း၏ အကြီးမားဆုံး ပို့ကုန်စျေးကွက်ကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း E.B. Magalona မြို့တော်ဝန်ဟောင်းနှင့် ဂဏန်းအသား တင်ပို့သူတစ်ဦးဖြစ်သည့် အယ်လ်ဖွန်ဆိုဂမ်ဘိုအာ (Alfonso Gamboa) က ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဂဏန်းအသား ထုတ်လုပ်မှုပမာဏ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်ကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့နေရခြင်းဖြစ်ကြောင်း ဂမ်ဘိုအာက ပြောကြားခဲ့ပါသည်။ မဖြစ်မနေ လုပ်ဆောင်ရမည့် ပင်လယ်ရေနေ နို့တိုက်သတ္တဝါများ ကာကွယ်ရေးနှင့် ဘေးထွက်ဖမ်းဆီးမိမှု (Bycatch) စောင့်ကြည့်လေ့လာရေး အစီအစဉ်များဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ လုံလောက်မှုမရှိခြင်းကြောင့် ဖိလစ်ပိုင် ရေကူးဂဏန်းပြာ ထုတ်ကုန်များ တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား ပင်လယ်ရေလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ (NMFS) က မေလ ၁၂ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

အဓိက ဂဏန်းပြာ ပြုပြင်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Saravia Blue Crab Inc. ၏ ဥက္ကဋ္ဌ ဂမ်ဘိုအာက အမေရိကန်၏ နှိုင်းယှဉ်ချက် အရည်အသွေး စစ်ဆေးအကဲဖြတ်မှုတွင် ဖိလစ်ပိုင်သည် အာဆီယံနိုင်ငံများထဲ၌ တစ်နိုင်ငံတည်းသာ ကျရှုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ပင် လိုက်နာဆောင်ရွက်နိုင်ခဲ့ကြကြောင်း ထောက်ပြခဲ့သည်။

ဖိလစ်ပိုင် တင်ပို့သူများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလကတည်းက အမေရိကန်စျေးကွက်သို့ ဝင်ရောက်ခွင့် ကနဦး ငြင်းပယ်ခံခဲ့ရသဖြင့် အဆိုပါလုပ်ငန်းကဏ္ဍသည် ထိုအချိန်ကတည်းက အခက်အခဲများနှင့် ရင်ဆိုင်နေရပြီးဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တင်သွင်းခဲ့သည့် အယူခံတွင်လည်း အလားတူပင် မအောင်မြင်ခဲ့ကြောင်း ဂမ်ဘိုအာက ပြောကြားခဲ့ပါသည်။

အမေရိကန်စျေးကွက် ဆုံးရှုံးသွားခြင်းကြောင့် နေဂရိုးစ် (Negros)၊ ပါနေး (Panay)၊ ဘီကိုးလ် (Bicol)၊ ဆာမာ (Samar)၊ လေတေး (Leyte) နှင့် မင်ဒါနာအို (Mindanao) ဒေသအချို့ရှိ ရေလုပ်သား ၁၀,၀၀၀ ခန့်နှင့် အပိုဆောင်း ဂဏန်းအသားနွှင်သူ ၄,၀၀၀ မှ ၅,၀၀၀ ခန့်ထိခိုက်နစ်နာနိုင်ကြောင်း ဂမ်ဘိုအာ၏ ပြောကြားချက်အရ သိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ထုတ်လုပ်ရာ ဒေသများတွင် ဗီဆာယန်ပင်လယ် (Visayan Sea)၊ ဂီမာရပ်စ်ရေလက်ကြား (Guimaras Strait)၊ ဆန်မီဂွယ်ပင်လယ်အော် (San Miguel Bay)၊ မာ့စ်ဘာတေး (Masbate)၊ ဆော်ဆိုဂွန် (Sorsogon)၊ ကာမာရီနက်စ်နော့တ် (Camarines Norte) နှင့် ကာမာရီနက်စ်ဆူးရ် (Camarines Sur) တို့ ပါဝင်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဘာကိုးလော့ဒ် (Bacolod)၊ အီလိုအီလို (Iloilo)၊ ဆီဘူး (Cebu) နှင့် အခြားသော ကမ်းရိုးတန်း လူမှုအသိုင်းအဝိုင်းများရှိ ပြုပြင်ထုတ်လုပ်ရေး စက်ရုံများမှ ရရှိသော ဂဏန်းအသား ပေါင်ချိန် ၅၀၀,၀၀၀ ခန့်ကို အမေရိကန်သို့ လစဉ် တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါသည်။

နိုင်ငံတကာစျေးကွက်သို့ တင်ပို့မှု အားကောင်းခဲ့စဉ်က ဂဏန်းတစ်ကီလိုဂရမ်လျှင် ဖိလစ်ပိုင်ပီဆို ၃၀၀ မှ ၄၀၀ အထိ ရောင်းချခဲ့ရကြောင်း သိရပါသည်။ အမေရိကန်စျေးကွက် ဆုံးရှုံးသွားခြင်းကြောင့် ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ပီဆို ၁၅၀ မှ ၂၀၀ ကြားအထိ ကျဆင်းသွားနိုင်ပြီး၊ ယင်းသည် ဒေသတွင်း စားသုံးသူများအတွက် အကျိုးရှိစေသော်လည်း လုပ်ငန်းကဏ္ဍအတွင်းရှိ လုပ်ကိုင်သူများအတွက်မူ ဝင်ငွေလျော့နည်းသွားစေမည် ဖြစ်ကြောင်း သိရှိရပါသည်။

Source: Philstar   

Source: https://www.doca.gov.mm  

Category: International News